ဘန်ကောက် မှာ အခန်းငှားရင် ဘာ Document တွေ လိုမလဲ။

နိုင်ငံခြားသားတစ်ဥိီးအနေနဲ့ ဘန်ကောက် မှာ အခန်းငှားရင် ဘာ Document တွေ လိုမလဲ။
ဘန်ကောက်က ကမ္ဘာလှည့်ခရီးသည်တွေတင်မကဘဲ Digital Nomad တွေ၊ နိုင်ငံခြားကျောင်းသားတွေနဲ့ Expats တွေ အခြေချ နေထိုင်ဖို့ အကြိုက်ဆုံး မြို့တစ်မြို့ ဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ Bangkok မှာ ပထမဆုံးအကြိမ် အခန်း/အိမ် ငှားတော့မယ်ဆိုရင် ဘာစာရွက်စာတမ်းတွေ ပြင်ဆင်သွားရမလဲဆိုတာ ဝေခွဲမရဖြစ်နေတတ်ပါတယ်။
တကယ်တော့ ထိုင်းမှာ အိမ်ငှားရတာ ထင်ထားတာထက် ပိုပြီးလွယ်ကူ ရိုးရှင်းပါတယ်။ သင်ပြင်ဆင်ထားရမယ့် အဓိက Document တွေနဲ့ သိထားသင့်တဲ့ အချက်အလက်တွေကို ဒီ Blog မှာ အသေးစိတ် မျှဝေပေးသွားပါမယ်။
၁။ အဓိက လိုအပ်မယ့် စာရွက်စာတမ်းများ
အိမ်ရှင် ဒါမှမဟုတ် Agent ကို ပေးဖို့အတွက် အဓိကအားဖြင့် နိုင်ငံကူးလက်မှတ် (Passport) သက်တမ်း အနည်းဆုံး ၆ လကျန်ရှိနေရပါမယ်။ သင်္ဘောသားဗီဇာ၊ ခရီးသွားဗီဇာ စသဖြင့် ဗီဇာအမျိုးအစားမရွေး အခန်းငှားလို့ ရပါတယ်။ Passport ဓာတ်ပုံစာမျက်နှာနှင့် ဗီဇာစာမျက်နှာ မိတ္တူ၊ စာချုပ်ချုပ်တဲ့အခါ စာမျက်နှာတိုင်းမှာ သင့်ရဲ့ လက်မှတ်ထိုးပြီး အတည်ပြုပေးရပါမယ်။
အချို့အိမ်ရှင်တွေက ပိုပြီး စိတ်ချရအောင် နေထိုင်ခွင့် အထောက်အထား (ဥပမာ - Non-Immigrant Visa, Work Permit ဒါမှမဟုတ် ကျောင်းသားဗီဇာ/ကျောင်းအပ်နှံမှု အထောက်အထား) တောင်းတတ်ပေမဲ့၊ အများစုကတော့ Valid ဖြစ်တဲ့ Passport ရှိရင်ပဲ အဆင်ပြေပြေ စာချုပ်ချုပ်ပေးကြပါတယ်။
ဗီဇာနဲ့ပတ်သက်တဲ့ အချက်အလက်အသေးစိတ်တွေ၊ သိကောင်းစရာတွေကိုတော့ Golden Steps Visa Services ရဲ့ Blog တွေမှာ အသေးစိတ်ဝင်ရောက်လေ့လာနိုင်ပါတယ်။
၂။ ငွေကြေးဆိုင်ရာ ပြင်ဆင်မှု
စာရွက်စာတမ်းတွေအပြင် အခန်းသော့ရဖို့အတွက် အောက်ပါ ငွေကြေးပမာဏကို စာချုပ်ချုပ်တဲ့နေ့မှာ အပြီးအပြတ် ပေးချေရပါမယ်။
အခန်းစပေါ်ငွေ - ပုံမှန်အားဖြင့် (၂) လစာ အခန်းခ ဖြစ်ပါတယ်။ (အိမ်မပျက်စီးရင် စာချုပ်ပြည့်တဲ့အခါ ပြန်ရပါမယ်။)
ကြိုတင်အိမ်လစာ - (၁) လစာ ကြိုပေးရပါမယ်။
စုစုပေါင်း: အခန်းမပြောင်းခင် ၃ လစာ လက်ထဲ အဆင်သင့် ရှိနေဖို့ လိုအပ်ပါတယ်။
၃။ အိမ်ငှားစာချုပ်ထဲမှာ ဘာတွေ ပါဝင်ရမလဲ။
ထိုင်းမှာ အိမ်ငှားစာချုပ်ချုပ်တဲ့အခါ English နဲ့ Thai နှစ်ဘာသာတွဲကို အသုံးများပါတယ်။ စာချုပ်မထိုးခင် ဒီအချက်တွေ သေချာပါမပါ စစ်ဆေးပါ။
စာချုပ်သက်တမ်း - အနည်းဆုံး ၁ နှစ်ချုပ်ဆိုတာက အိမ်လစာ ဈေးအသက်သာဆုံး ရနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။
အခန်းခပေးချေရမည့်ရက် - လစဉ် ဘယ်ရက်ထက် နောက်မကျဘဲ ပေးရမလဲဆိုတာသေချာကြည့်ပါ။
ရေဖိုး/မီးဖိုး - အစိုးရနှုံးတိုက်ရိုက်ဆောင်ရတာ ဟုတ်မဟုတ် စစ်ဆေးပါ။ အချို့ Condo သို့မဟုတ် Apartment တွေက ယူနစ်အလိုက် သတ်မှတ်နှုန်းနဲ့ တောင်းတတ်ပါတယ်။
နောက်ထပ်တစ်ခုကတော့ အိမ်ငှားစာချုပ်မှာ ပါဝင်တဲ့ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေချာဖတ်ပြီး မရှင်းတာရှိရင် အိမ်ရှင်ကို စာချုပ်ချုပ်ကတည်းက သေချာမေးထားသင့်ပါတယ်။
၄။ အိမ်ပြောင်းပြီးရင် မမေ့မလျော့ လုပ်ဆောင်ရမည့် TM30 Notification
ဒါကတော့ နိုင်ငံခြားသားတွေအတွက် အရေးကြီးဆုံး အချက် ဖြစ်ပါတယ်။ ထိုင်းဥပဒေအရ နိုင်ငံခြားသားတစ်ယောက်ကို အိမ်ငှားပေးထားရင် အိမ်ရှင်က အဲဒီနိုင်ငံခြားသား ရောက်ရှိလာကြောင်း Immigration ကို ၂၄ နာရီအတွင်း သတင်းပို့ရပါတယ်။ ဒါကို TM30 လို့ ခေါ်ပါတယ်။
ဘာကြောင့်လိုတာလဲ - နောက်ပိုင်း ဗီဇာသက်တမ်းတိုးတာ၊ Bank Account ဖွင့်တာတွေလုပ်ရင် TM30 Slip ကို ပြရပါတယ်။
ဘယ်သူလုပ်ရမလဲ - အိမ်ရှင် (Landlord) က အွန်လိုင်းကနေ လုပ်ပေးရမှာဖြစ်ပြီး၊ ပြီးရင် သင့်ကို Slip ပြန်ပေးရပါမယ်။ စာချုပ်ချုပ်ပြီးတာနဲ့ အိမ်ရှင်ကို TM30 အမြန်ဆုံးလုပ်ပေးဖို့ တောင်းဆိုထားပါ။
ကိုယ်က အခန်းဖော်နဲ့အတူနေမယ်လို့ စဉ်းစားထားတယ်ဆိုရင် အခန်းဖော် အတွက်ပါ TM30 လုပ်ပေးလို့ရမရ သေချာအောင် မေးမြန်းထားဖို့ အရေးကြီးပါတယ်။ အဆင်ပြေကိုက်ညီမဲ့ အခန်းဖော်တစ်ယောက်ကို ရှာဖွေနေတယ်ဆိုရင်တော့ CoLive ကနေတစ်ဆင့် အခမဲ့ ရှာဖွေချိတ်ဆက်နိုင်ပါတယ််။
Bangkok မှာ အိမ်ငှားဖို့အတွက် Passport ရယ်၊ အဆင်သင့်ရှိတဲ့ ငွေကြေးရယ် ရှိရင်ပဲ လုံလောက်ပါတယ်။ အဓိက သတိထားရမှာကတော့ စာချုပ်ပါ စည်းကမ်းချက်တွေကို သေချာဖတ်ဖို့နဲ့၊ အိမ်ပြောင်းပြီးတာနဲ့ TM30 အထောက်အထား ကို အိမ်ရှင်ဆီကနေ တောင်းယူထားဖို့ပဲ ဖြစ်ပါတယ်။
Jul 22, 2026 11:00:13 PM