Tags:
lifestyleဘန်ကောက်မှာ အသုံးစရိတ် တစ်လကို ဘယ်လောက်ကုန်လဲ

ဘန်ကောက်ကို ပထမဆုံးအကြိမ် ပြောင်းရွှေ့အခြေချတော့မယ်ဆိုရင် စိတ်လှုပ်ရှားဖို့ကောင်းသလို "ငါတစ်လကို ဘယ်လောက်ကုန်မလဲ" ဆိုတဲ့ မေးခွန်းကလည်း အမြဲခေါင်းထဲ ရောက်လာတတ်ပါတယ်။ ဘန်ကောက်ဟာ အာဆီယံမြို့ကြီးတွေထဲမှာ လူနေမှုအဆင့်အတန်း မြင့်မားပြီး သွားလာရလွယ်ကူသလို၊ အသုံးစရိတ်ကိုလည်း ကိုယ့်စိတ်ကြိုက် ချိန်ညှိလို့ရတဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။
ဒီ Blog မှာတော့ ဘန်ကောက်မှာ ကျောင်းတက်နေသူတွေ ဒါမှမဟုတ် အလုပ်လုပ်နေသူတွေအတွက် လက်တွေ့ကျကျ တွက်ချက်ထားတဲ့ တစ်လတာ အသုံးစရိတ် လမ်းညွှန်ကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ဘန်ကောက်မှာ အသုံးစရိတ် တစ်လကို တကယ်ပဲ ဘယ်လောက်ကုန်လဲ။
ခြုံငုံပြီးပြောရရင် ဘန်ကောက်ရဲ့ တစ်လတာ အသုံးစရိတ် ဟာ ကိုယ်ရွေးချယ်တဲ့ Lifestyle နဲ့ နေထိုင်တဲ့ နေရာပေါ်မှာ လုံးဝမူတည်နေပါတယ်။
အကြမ်းဖျင်းအားဖြင့် ပုံစံနှစ်မျိုး ခွဲခြားကြည့်နိုင်ပါတယ် -
1. ချွေတာပြီး စနစ်တကျနေထိုင်သူ - တစ်လလျှင် ၁၄,၀၀၀ – ၁၉,၀၀၀ ဘတ် ဝန်းကျင်။
2. သက်တောင့်သက်သာ Condo နဲ့ နေထိုင်သူ - တစ်လလျှင် ၂၇,၀၀၀ – ၄၁,၀၀၀ ဘတ် ဝန်းကျင်။
အသုံးစရိတ်ကို အသေးစိတ် ခွဲခြမ်းကြည့်မယ်ဆိုရင်တော့
၁။ အိမ်လခ/အခန်းငှားခ
ဘန်ကောက်မှာ အိမ်လခ/အခန်းငှားခ က နေရာပေါ်မူတည်ပြီး ကွာခြားချက် အလွန်ကြီးပါတယ်။
ရိုးရှင်းတဲ့ တိုက်ခန်း (Apartment) တွေ၊ ဥပမာ - BTS/MRT ရထားလမ်းနဲ့ နည်းနည်းဝေးတဲ့ နေရာတွေ၊ ဒါမှမဟုတ် လမ်းသွယ်ထဲ ခပ်နက်နက်ဝင်ရတဲ့ နေရာမျိုးမှာဆိုရင် တစ်လကို ၄,၀၀၀ ကနေ ၇,၀၀၀ ဘတ် ဝန်းကျင်နဲ့ အဆင်ပြေတဲ့ အခန်းကောင်းတွေ ရနိုင်ပါတယ်။
ခေတ်မှီတဲ့ Condo တွေ၊ ရေကူးကန်၊ Gym ပါပြီး BTS/MRT ဘူတာအနီး သို့မဟုတ် မြို့ထဲပိုင်း (ဥပမာ - Sukhumvit, Ratchada) ဆိုရင်တော့ Studio အခန်းကိုတင် တစ်လ ၉,၀၀၀ ကနေ ၁၅,၀၀၀ ဘတ် ကျော်အထိ ရှိနိုင်ပါတယ်။
Studio room နဲ့ one bedroom ဘယ်လိုကွာသလဲ၊ ဘယ်လိုရွေးချယ်ရင် စျေးပိုသက်သာနိုင်မလဲ...
အခန်းဖော်နဲ့အတူနေမယ်ဆိုရင်တော့ အိမ်လခကို တစ်ဝက်လောက်အထိလျှော့ချနိုင်ပါတယ်။
အခန်းဖော်ရွေးချယ်တဲ့အခါ လူရွေးမမှားစေဖို့ ကြိုတင်သိထားသင့်တဲ့အချက်များ...
၂။ ရေခ၊ မီးခ နှင့် အင်တာနက်
ဘန်ကောက် မှာ မီးခက အရေးကြီးပါတယ်။ အဲကွန်းကို တစ်နေ့လုံး ဖွင့်တတ်ရင် မီးခတင် တစ်လ ၂,၀၀၀ – ၃,၀၀၀ ဘတ် ကျော်သွားနိုင်ပါတယ်။ အခန်းငှားတဲ့အခါ အစိုးရနှုန်း (Government Rate) တိုက်ရိုက်ပေးရတဲ့နေရာကို ရွေးချယ်တာက ပိုသက်သာစေပါတယ်။ Condo တွေက ရေခမီးခကို အစိုးရနှုန်း (တစ်ယူနစ် ၄ ဘတ်) နဲ့ ကောက်ခံတတ်ကြပြီး ရိုးရိုး တိုက်ခန်းတွေ (Apartment)တွေဆိုရင် နှုန်းပိုများတတ်တာမို့ (တစ်ယူနစ် ၇ ဘတ် ၉ ဘတ် ဝန်းကျင်) အခန်းမငှားခင် သေချာအောင်မေးမြန်းစေချင်ပါတယ်။
ရေခကတော့ ပုံမှန်အားဖြင့် တစ်လ ၁၀၀ ကန ၃၀၀ ဘတ် ဝန်းကျင်ပဲ ကျသင့်ပြီး၊ ဖုန်းအင်တာနက် Unlimited Package ကတော့ တစ်လ ၃၀၀ ကနေ ၆၀၀ ဘတ် ဝန်းကျင် ရှိပါတယ်။ တစ်လစာမဟုတ်ဘဲ ၆လ သို့မဟုတ် ၁နှစ်စာ ဝယ်ထားရင် စျေးပိုသက်သာနိုင်ပါတယ်။
၃။ စားစရိတ်
ဘန်ကောက်ဟာ စားသောက်ရေးအတွက် ကောင်းကင်ဘုံလို့ ပြောရင်မမှားပါဘူး။ ကုန်ကျစရိတ်ကို ကိုယ့်စိတ်ကြိုက် ထိန်းချုပ်လို့ရပါတယ်။ လမ်းဘေးဆိုင်လေးတွေ နဲ့ Mall တွေထဲက Food Court တွေမှာ တစ်နပ်ကို ၄၅ – ၆၅ ဘတ် ဝန်းကျင်ပဲ ရှိတာမို့ တစ်ရက်ကို ၁၅၀ - ၂၀၀ ဘတ် (တစ်လ ၅,၀၀၀ - ၇,၀၀၀ ဘတ်) နဲ့တင် ကောင်းကောင်း ဗိုက်ပြည့်နိုင်ပါတယ်။ ကိုယ်တိုင်ဟင်းချက်တတ်သူတွေအတွက်ကတော့ ဒီထက်ပိုပြီး သက်သာနိုင်ပါတယ်၊ ဒါပေမဲ့ မီတာခနဲ့ ပြန်ပြီးတွက်ကြည့်လိုက်ရင် ကိုယ်တိုင်ချက်စားတာနဲ့ ဝယ်စားတာက အတူတူလောက်ဖြစ်သွားတဲ့အခါမျိုးတွေလည်း ရှိနိုင်ပါတယ်။
ကိုယ်က ကဖေးလှလှလေးတွေ သွားတာ၊ Mall ထဲက ဆိုင်ကြီးတွေမှာ ကိုရီးယားကြက်ကြော်၊ ဂျပန်စာ သို့မဟုတ် မာလာရှမ်းကော နေ့တိုင်းလိုလို စားမယ်ဆိုရင်တော့ တစ်လ ၁၀,၀၀၀ ဘတ် ကျော် အလွယ်တကူ ကုန်သွားနိုင်ပါတယ်။
Grab နဲ့ Lineman စတဲ့ Food delivery app တွေမှာ ပရိုမိုးရှင်းတွေရှိတတ်တာမို့ ကိုယ်စားချင်တဲ့ဆိုင်တွေရှိရင် ဝင်ကြည့်ကြည့်လို့ရပါတယ်။
၄။ သယ်ယူပို့ဆောင်ရေး နဲ့ လမ်းစရိတ်
ဘန်ကောက်ရဲ့ BTS SkyTrain နဲ့ MRT မြေအောက်ရထားတွေက အရမ်းအဆင်ပြေပါတယ်။ နေ့တိုင်း ရထားစီးပြီး သွားလာရမယ်ဆိုရင် တစ်လကို ၁,၅၀၀ – ၂,၅၀၀ ဘတ် ဝန်းကျင် ကုန်ကျနိုင်ပါတယ်။
ကိုယ်က ရထားဘူတာနဲ့ ဝေးတဲ့နေရာမှာ အခန်းငှားထားတယ်ဆိုရင် လမ်းသွယ်ထဲကနေ လမ်းမကြီးပေါ်ထွက်ဖို့၊ ရထားဘူတာ သွားဖို့အတွက် ဆိုင်ကယ်ကယ်ရီ စီးရင် တစ်ခါစီး ၂၀ - ၄၀ ဘတ် ဝန်းကျင် ပေးရတတ်ပါတယ်။
ရထားမစီးချင်ရင် Grab နဲ့ Bolt တို့ကနေ တက်စီ ဒါမှမဟုတ် ဆိုင်ကယ်ကယ်ရီ အလွယ်တကူငှားစီးလို့ရပါတယ်။ ကိုယ်ငှားစီးတဲ့အချိန်ပေါ်မူတည်ပြီး Grab က ပိုသက်သာတာမျိုးရှိနိုင်သလို Bolt က ပိုသက်သာနေတာမျိုးလည်းဖြစ်နိုင်တာမို့ ၂ခုစလုံးကို မငှားခင် စျေးအရင်ယှဉ်ကြည့်ကြည့်ပါ။ ငှားတဲ့အခါ Saver car နဲ့ Saver bike ကိုရွေးငှားတာက စောင့်ရတာ အနည်းငယ်ပိုကြာနိုင်ပေမဲ့ ၁၀ ဘတ် ၁၅ ဘတ် လောက် ပိုသက်သာနိုင်ပါတယ်။
၅။ လူသုံးကုန်ပစ္စည်းတွေအတွက် စျေးဝယ်စရိတ်
အမှိုက်အိတ်၊ တစ်ရှူး၊ ရေချိုးဆပ်ပြာ စတဲ့ အခြေခံလူသုံးပစ္စည်းတွေကို Mall တွေမှာဝယ်တာထက် Shopee၊ Lazada၊ TikTok Shop တို့ကနေတစ်ဆင့်ဝယ်တာက အများကြီးပိုသက်သာပြီး free delivery ပါရနိုင်ပါတယ်။ ကိုယ်လိုချင်တဲ့ ပစ္စည်းလေးတွေရှိတယ်ဆိုရင် အရင်ဆုံး အပေါ်မှာဖော်ပြထားတဲ့ e-commerce platform တွေကနေတစ်ဆင့် အရင်ရှာကြည့်ကြည့်ပါ။
စျေးဘန်ကောက်မှာ အသုံးစရိတ် သက်သာအောင် နေထိုင်ဖို့
ရထားလိုင်း တူမတူကြည့်ပါ - အိမ်နဲ့ ကျောင်း (သို့မဟုတ်) ရုံးခန်းဟာ ရထားလိုင်းတစ်ခုတည်းပေါ်မှာ ရှိနေရင် ရထားပြောင်းစီးခ မကုန်တော့တဲ့အတွက် လစဉ် သယ်ယူပို့ဆောင်ရေးစရိတ် အများကြီး သက်သာသွားပါလိမ့်မယ်။
7-Eleven နဲ့ Food Court တွေကို အသုံးချပါ - အလျင်စလိုဖြစ်စေ၊ ဘတ်ဂျက်ထိန်းချင်ရင်ပဲဖြစ်စေ 7-Eleven က အစားအစာတွေနဲ့ Mall တွေက Food Court တွေဟာ အရသာလည်းရှိပြီး ပိုက်ဆံလည်း အများကြီး သက်သာစေပါတယ်။
အရေးပေါ် အရန်ငွေ - ဘန်ကောက်မှာ အခန်းစငှားရင် ပုံမှန်အားဖြင့် Deposit (အာမခံကြေး) ၂ လစာ + ကြိုတင်ပေး ၁ လစာ (စုစုပေါင်း ၃ လစာ) အဆင်သင့်ရှိနေဖို့ လိုအပ်သလို၊ အရေးပေါ်ကျန်းမာရေး သို့မဟုတ် အထွေထွေသုံးဖို့အတွက် တစ်လစာ အပိုအမြဲ ဆောင်ထားသင့်ပါတယ်။
နိဂုံး
ဘန်ကောက်မြို့ဟာ ငွေအများကြီးသုံးရင် သုံးသလောက် ဇိမ်ကျကျ နေလို့ရသလို၊ ဘတ်ဂျက်ကို စနစ်တကျ တွက်ချက်ပြီး ခြွေခြွေတာတာနဲ့လည်း သက်တောင့်သက်သာ ရှင်သန်နိုင်တဲ့ မြို့ဖြစ်ပါတယ်။ မိမိရဲ့ ဝင်ငွေ၊ ထွက်ငွေနဲ့ ကိုက်ညီမယ့် လူနေမှုပုံစံကို သေချာလေး တွက်ချက်ပြီး နေထိုင်မယ်ဆိုရင် ဘန်ကောက်မြို့က သင့်အတွက် အဆင်ပြေဆုံး နေရာအသစ်တစ်ခု ဖြစ်လာမှာ သေချာပါတယ်!
Jun 12, 2026 11:08:01 PM